Tuesday, March 5, 2013

ဗြောင်ငြင်းတဲ့ အကျင့်

ဌေးလွင်ဦး
RB News
3.3.2013

လူတစ်ဦး-၊ လူတစ်စုဟာ ဘယ်ကိစ္စကို မဆို ဗြောင်ခံငြင်းတတ်တဲ့ အကျင့်ရှိနေရင်-၊ သူဟာ အဲ့ဒီ အကျင့်ကို ဖျောက်ဖျက်ဘို့ ခက်ပါတယ်။ “ဗြောင်ငြင်းသူအဘို့ ကျမ်းကိုးမလိုပါ၊” ဗြောင်ငြင်း တတ်သူဟာ ဘယ်လို အချက် အလက်ကို သက်သေပြပြ ဆန့်ကျင်ဘက်က ခံငြင်းနေမှာပဲ ဖြစ်တယ်။

မြန်မာ အစိုးရဟာ- မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာ မရှိပါဘူးလို့ နှစ်ပေါင်းများစွာ ခံငြင်းခဲ့တယ်၊ ဗြောင်ငြင်းခဲ့တယ်၊ အဲ့လို ငြင်းဘို့ရာလည်း နိုင်ငံရေးဝန်ဆောင်တွေကို နိုင်ငံရေး ပုဒ်မ မဟုတ်တဲ့ ပုဒ်မများနဲ့သာ ထောင်ဒဏ်စီရင်ခဲ့တာ များခဲ့တယ်။ ဒါကို နိုင်ငံရေးဝန်ဆောင်များက မနားမနေကြိုးစားပြီး ကမ္ဘာကို တင်ပြခဲ့ရ တယ်၊ ကမ္ဘာ့ဖိအားပေါင်းစုံကို သုံးခဲ့ရတယ်။ - နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ဆိုတာမျိုးတွေ ပြည်ပမှာ ဖွဲ့ပြီး နည်းမျိုးစုံ လှုပ်ရှားခဲ့ရတယ်။ ဒါတောင် နိုင်ငံရေး အကျဉ်းသား ရှိပါတယ် လို့ ၀န်ခံပြီး ပြန်လွှတ် ပေးခဲ့ခြင်းမျိုး မဟုတ်ဘဲ- နိုင်ငံတော်သမ္မတရဲ့ အထူး အစီအစဉ်၊ ဘာအတွက် လွတ်ငြိမ်းချမ်းသာခွင့်- ဆိုတဲ့ အကြောင်းပြချက်များနဲ့- ရာဇ၀တ်မှု ကျူးလွန်သူတွေ၊ တရားမမှု ကျူးလွန် သူတွေ၊ မှောင်ရိပ်ခိုမှုနဲ့ ထောင်ကျသူ တွေ- အားလုံး ရောပြွန်းပြီး နိုင်ငံရေး ၀န်ဆောင်များကို လွှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ အခုထိလည်း မလွှတ်ပေးဘဲ ကျန်နေသေးသူတွေ ရှိနေဆဲပါ။ အဲ့ဒီ လူတွေကိုလည်း နိုင်ငံရေး အကျဉ်းသားများ အဖြစ် လက်ရှိအစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိပါ။

အခုထပ်ဆင့် ဗြောင်ခံငြင်းနေတာက “ရိုဟင်ဂျာ” ဆိုတာ မရှိဘူး ဆိုတဲ့ စကားလုံးပါ။ ရိုဟင်ဂျာ ဆိုတဲ့ လူမျိုး ရှိပါတယ် ဆိုတာကို သူတို့ရဲ့ နှလုံးသားမှာ သိနေပါတယ်။ အမုန်းတရား တစ်ခုကြောင့် ရည်ရွယ်ချက်နဲ့ ဖုံးကွယ် ထားခြင်းသာ ဖြစ်နေပါတယ်။ အမုန်းတရား ဆိုတာလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ရိုဟင်ဂျာများက အစ္စလာမ် သာသနာဝင်တွေ ဖြစ်နေလို့ ဘာသာရေး ခွဲခြားဆက်ဆံမှု အမုန်းတရားပါပဲ။ ဒါကို ကမ္ဘာတစ်ခုလုံးက သိနေပါတယ်။ လက်ရှိ လွှတ်တော်အမတ် ဖြစ်နေသူများရဲ့ အသက်အရွယ်တွေ အလျှောက် အထက်တန်းပညာ လောက် သင်ခဲ့ရသူများ ကိုယ်တိုင် “ရိုဟင်ဂျာ” ဆိုတာ ရှိကြောင်း သူတို့ရင်ထဲမှာ သိနေမှာပါ။ (ဒီထက် ဗဟုသု တ နည်းနေရင်လည်း ပြည်သူလူထု အရေးကို ဆောင်ရွက်မယ့် အမတ်မင်းများ လုပ်မနေသင့်တော့ပါ။)

“ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးဟာ အသစ်ဖန်တီးခြင်းမဟုတ်၊ ရှေးပဝေဏသီကပဲ ရှိနေခဲ့တယ်၊ “ရိုဟင်ဂျာ” ဆိုတဲ့ လူမျိုးဟာလည်း ရခိုင်ဒေသရဲ့ ရှေ့ဦးမူလ လူမျိုးဖြစ်တယ်- ဆိုတာတွေကို ကမ္ဘာ့ပညာတွေက တစ်နေ့တစ်ခြား ပိုပြီး သိလာနေတယ်။ ဗြောင်းခံငြင်းသူတွေ ငြင်းလေ-၊ ပညာရှင်များက လေ့လာလေ၊ ပိုပြီး သိလာလေပါပဲ။ ရွှေမှန်ရင် မှတ်ကျောက် အတင်ခံနိုင်တဲ့ သဘောပါပဲ။

ဒီနေရာမှာ ထူခြားတာက “ရိုဟင်ဂျာ” လူမျိုးနဲ့ ပတ်သက်လာရင်-၊ ရှေးယခင်က မိမိတို့ကိုယ်တိုင်ကို “နိုင်ငံရေး အကျဉ်းသား အဖြစ်က ငြင်းဆန်ခံခဲ့ရသူများ”ကိုယ်တိုင်က- ဗြောင်ခံငြင်းတဲ့ အကျင့်တွေကို နှလုံးလှိုက်လှဲကျင့် သုံးနေခြင်းပါပဲ။ ဒီအချက် အစ္စလာမ်သာသနာဝင် များကို ဘုံရန်သူ အဖြစ် သတ်မှတ်ထားကြောင်း ထင်ရှားတဲ့ သက်သေခံချက်များ ဖြစ်နေပါတယ်။ ကိစ္စရပ်တစ်ခုကို ချစ်သည် ဖြစ်စေ၊ မုန်းသည် ဖြစ်စေ အမှန်ကို အမှန်ပါ လို့ လက်ခံပေးနိုင်စွမ်းမရှိ၊ နားလည်ပေးနိုင်စွမ်းမရှိ သူများက တိုင်းပြည်ရဲ့ အနာဂါတ်ကို ဘယ်လိုမှ ဦးဆောင်ဘို့ မဖြစ်နိုင်ပါ။ ကမ္ဘာကြီးက ပွင့်လင်းလာနေပါပြီ။- လိမ်လေ အရှက်ကွဲလေ-၊ သိက္ခကျလေ ဆိုတဲ့ အချက်လောက် ကိုတော့ နားလည်စေလိုပါတယ်။

မြန်မာနိုင်ငံလို လူမျိုးစု အများနဲ့ ဘာသာစုံ တည်ရှိနေတဲ့ နိုင်ငံမျိုးကို ဦးဆောင်မယ့်သူဟာ လူမျိုးစွဲ ဘာသာစွဲ တွေ ကင်းဘို့ လိုပါမယ်။ မိမိကိုးကွယ်တဲ့ ဘာသာကို မိမိနှလုံးသားမှာသာ တပ်ဆင်ပြီး-၊ နိုင်ငံရေးထဲမှာ ဘာသာ တရားခံစားချက်၊ လူမျိုးစွဲ ခံစားချက်များ အရောင်မဆိုးဘို့ လိုပါမယ်။

ဗြောင်ခံငြင်းသူများဟာ လောလောဆယ်မှာ- အင်အားသုံးပြီး အနိုင်ရနိုင်ပေမယ့်၊ အဲ့ဒီ အနိုင်ယူခြင်းဟာ စကား ပြောနေစဉ် ကာလ အခိုက်အတန့်လေးသာ ဖြစ်ပြီး- ထာဝရတည်တဲ့ အောင်နိုင်မှုမျိုး မဟုတ်ဘူး ဆိုတာလောက် တော့ ဆင်ခြင်စေလိုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ- ဒီမိုကရေစီ ဆိုတဲ့ စကားလုံးအောက်မှာ ကမ္ဘာနဲ့ ဆက်ဆံ ဘို့ လိုနေတယ်။ စီးပွားရေး အရလည်း ကမ္ဘာနဲ့ ဆက်ဆံဘို့ လိုနေပါတယ်။ ဒီအခြေအနေမှာ ဗြောင်ခံငြင်းသူများ အနေနဲ့ ကမ္ဘာနဲ့ ဆက်ဆံလေ အရှက်ကွဲလေ ဖြစ်နေမှာ သေချာပါတယ်။ မြန်မာနိုင်ငံက နိုင်ငံခြား ခရီးစဉ်ကို ထွက်လာသမျှ ခေါင်းဆောင်တိုင်းဟာ “ရိုဟင်ဂျာ” အရေး အမေးမခံရသူ တစ်ဦးမှ မရှိပါ။ မေးသူများကလည်း သူတို့ မကြားချင်လှတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးနဲ့ပဲ မေးနေတာချည်း ဖြစ်နေပါတော့တယ်။ မရှိပါဘူး ခံငြင်း လွန်းလို့- အခုနောက်ပိုင်းမှာ သံတမန် စကားလုံးအရ ရှောင်ပေးထားတဲ့ “မျိုးတုံးသတ်ဖြတ်မှု”ကိုပါ ထည့်ပြော လာနေပါပြီ။

ဒီအချိန်မှာ အစိုးရပိုင်းက စတင်စဉ်းစားဘို့ လိုလာပါပြီ။ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို မချစ်ရင်တောင် မိမိတို့ အပြစ်လွတ်အောင် ဆင်ခြင်ဘို့ လိုလာပါပြီ။ ရိုဟင်ဂျာများကို မျိုးတုံးသတ်ဖြတ်မှုနဲ့ ပြည်ပ အဖွဲ့အစည်းများက မြန်မာအစိုးရပိုင်းနဲ့ RNDP ပါတီကို ကမ္ဘာ့ခုံးရုံးမှာ စတင် file တွဲဘို့ စီစဉ်တော့-၊ အမေရိကန် အစိုးရပိုင်း ကိုယ် တိုင်က ခဏ သည်းခံဘို့ မေတ္တာရပ်ခံခဲ့တယ်၊ အမေရိကန် လွှတ်တော်ထဲမှာ “မျိုးတုံးသတ်မှု” ဆိုတဲ့ စကားလုံး ကို မသုံးသေးဘဲ ဆင်ခြင်ဘို့ မေတ္တာရပ်ခံထားခဲ့တယ်။ သူတို့ အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို မထိခိုက်စေချင် လို့ အနီးကပ် ပေါင်းပြီး နားချဘို့ နည်းတွေကို သုံးမယ်လို့ ကတိပေးထားခဲ့တယ်။ မျက်ကန်းမျိုးချစ်များက ဗြောင် လိမ်မယ် ဆိုတာကိုလည်း ကြိုတင်သိနေခဲ့ပါတယ်။ အချိန်တစ်ခုအတွက် သိသိကြီးနဲ့ အလိမ်ခံနေခြင်းသာ ဖြစ် ပါတယ်။ ဒါကို မျက်ကန်းမျိုးချစ်များဘက်က ငါတို့ လိမ်လို့ရတာပဲလို့ ဘ၀င်မမြင့်မိဘို့တော့ လိုပါမယ်။

ဗြောင်ခံငြင်းသူများ အတွက် ပြေးလမ်းကို ပိတ်တဲ့နည်းတွေ အများကြီးပါ။ သူတို့ကိုယ် ဘယ်လို ကိုင်တွယ်ရ မယ် ဆိုတာကိုလည်း ကျုပ်တို့ ဘက်မှာ နည်းလမ်းတွေရှိနေပါတယ်။ ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ဖွင့်ပေးထားတဲ့ လမ်းကိုတော့ မျက်ကန်းမျိုးချစ်များ အနေနဲ့ တစ်လွဲ မသုံးမိဘို့ လိုပါမယ်။ ဆက်လက်ပြီး ဇွတ် မိုက်နေခဲ့ရင်- မိုက်တွင်းနက်မှု တစ်ဆင့်ချင်းစီအတွက် ကျုပ်တို့ဘက်ကလည်း တစ်ကွက်ချင်းစီ ပိတ်ဆို့ပစ်မှာပါ။ အခု အခြေအနေမှာ ကမ္ဘာ့နိုင်ငံတစ်ချို့က စီးပွားရေးတွေ ပြန်ဖွင့်ပေးတယ်- ငွေကြေးကူညီနေတယ် ဆိုတာက အစိုးရဘက်က ပြောင်းလဲမှု တစ်ချို့အတွက် ဆုပေးတဲ့သဘောပါ။ တစ်ကယ်ပြောင်းလည်းရင် ဘာတွေကို ခံစား ရမယ် ဆိုတာကို သက်သေပြပေးတဲ့ သဘောပါ။ ဒါပေမယ့် ကူညီနေတဲ့ ငွေကြေးတွေဆိုတာလည်း အကြွေး ဟောင်းတွေကို ပြန်လျှော်ပေးတဲ့ ငွေ၊ ပြန်ဆပ်ပေးတဲ့ ငွေမျှသာ ဖြစ်နေပါတယ်။ လက်တွေ့ ဆက်လက် အကောင်အထည် ဖေါ်ဘို့ ငွေကြေးတွေ မရသေးဘူး ဆိုတာတော့ အစိုးရကိုယ်တိုင်လည်း သိနေပါတယ်။ စီးပွားရေး တစ်ကယ်တည်ဆောက်ဘို့ အတွက် ဖွင့်ပေးမယ့် သော့ချက်က “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရ လက်ထဲ မှာ ရှိနေပါတယ်။ တစ်တိုင်းပြည်လုံးကို မစာနာရင်-၊ တစ်တိုင်းပြည်လုံး အတွက် လက်တွေ့ စီးပွားရေးတည် ဆောက်မှုကို ကရုမစိုက်ရင် “ရိုဟင်ဂျာ” တွေကို ဆက်လက် ငြင်းဆန်နေလိုက်ပါ။ ဆောက်လက်စတိုက်တွေ ရပ်သွားစေမယ်၊ စတည်ပြီး မတည်ငွေတွေ ရပ်သွားစေမယ်- ဆိုတဲ့ စီးပွားရေး ဆိုင်းငံ့နေခြင်းကို မြန်မာ့ခေါင်း ဆောင်တွေ ကိုယ်တိုင်ကြုံရပါမယ်။ ဒီအတွက် ဆက်လက်ပြီး မွတ်ဆလင်တွေကို သဲသဲမဲမဲ ပြသနာရှာမယ် ဆိုရင်လည်း ပိုမိုကြီးကျယ်တဲ့ ဆိုးကျိုးတွေကို ရာဇ၀တ်ကောင်တွေ ဆက်တိုက်ခံသွားရစေပါမယ်။

တိုင်းပြည်ကို တစ်ကယ် စေတနာရှိရင် (၁) ရိုဟင်ဂျာ ကိစ္စမှာ ဗြောင်ငြင်းနေခြင်းကို ရပ်တန်းက ရပ်ပေးရမယ်၊ (၂) လူထုကြားမှာ မငြိမ်မသက်ဖြစ်စေအောင် လှုံ့ဆော်နေသူတွေ၊ ဘာသာရေး အမုန်းဟောပြောနေသူတွေကို ချက်ချင်း အရေးယူပေးရမယ် (၃) မြန်မာပြည်တွင်း ဒုက္ခသည်တွေကို ထိထိရောက်ရောက် ကူညီဖြည့်ဆီးခွင့် ပေးရမယ် (၄) ကူညီဖြည့်ဆီးမယ့် အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို လုံးဝ တာဝန်ယူပေးရပါမယ်။

ဒီအချက်တွေကို အကျင့်ပါနေပြီး ထုံးစံအတိုင်း ဗြောင်ခံငြင်းနေမယ် ဆိုရင်--၊ တိုင်းပြည်အတွက် ဖြစ်ပေါ်လာ မယ့် အကျိုးဆက်များဟာ ဗုဒ္ဓဘာသာ အယူသည်း မျက်ကန်းမျိုးချစ်များရဲ့ တာဝန်ပဲ ဖြစ်ပါလိမ့်မယ်။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.