Saturday, March 2, 2013

သန်းခေါင်ကျော်ခဲ့ပြီ


ဌေးလွင်ဦး
RB News
1.3.2013

အမှန်ကို အမှန်အတိုင်း လက်မခံ နိုင်သူများ- ကိုယ့်ဒုက္ခ ကိုယ်ရှာနေ သူများသာ ဖြစ်ပါတယ်။ အမှောင်ခေတ်မှာ အကုသိုလ်ကျူးလွန်မှု၊ မတရားမှု၊ ရာဇ၀တ်မှုများကို ကလိမ်ကကျစ်ကောင်များက တစ်စုံတစ်ရာ လုပ်နိုင်ခွင့် ရှိ ပေမယ့်-၊ ရှင်းလင်းထင်ရှားလာတဲ့ ခေတ်ကာလမှာ-၊ ထိုထိုသော မအပ်မရာသည့် အမှုများအား ကျူးလွန်သူများ ကို ကမ္ဘာကြီးက ရာဇ၀တ်ကောင်များလို့ သတ်မှတ်ပြီး-၊ အများသူငါက အမှန်တရားကို သိနေပါလျှက် ထပ်ဆင့် ထပ်ဆင့် လိမ်ညာနေသူများကို ကျပ်မပြည့်သူများလို့ သတ်မှတ်ပါတယ်။

မြန်မာနိုင်ငံဟာ ပိတ်ပင်တားဆီးလို့ မရတဲ့ မီဒီယာများအောက်က ခေတ်သစ်ကမ္ဘာထဲကို အရှိန်အဟုန်နဲ့ ရောက် လာနေပါတယ်။ ကမ္ဘာ့မျက်လုံးများရဲ့ အောက်မှာ ခေတ်နောက်ကျသွားပြီ ဖြစ်တဲ့ မျက်ကန်းအမျိုးသားရေးဝါဒ ကို ဖက်တွယ်ထားသူများရဲ့ ဘ၀က- ပိတ်ဆို့ထားလို့ အင့်အိုင်နေတဲ့ ဧရာမရေကန်ကြီး တစ်ခု တာကျိုးသလို- ကျိုးကျပျက်စီးသွားဘို့လည်း စတင်နေပါပြီ။

နိုင်ငံရေး ပြုပြင်ပြောင်းလဲအတွက် အချိန်ကာလ တစ်ခု ယူရတယ် ဆိုတာကိုတော့ ကမ္ဘာက ခွင့်ပြုပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းလည်း ဒီအတိုင်းပဲ ပြောင်းလဲခဲ့ရတာပါ။ လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ချိုးဖေါက်ခံရမှုများကို ချုပ် ငြိမ်းစေဘို့လည်း ကာလတစ်ခု စောင့်ရပါတယ်- ဒါကိုလည်း ကမ္ဘာ့အသိုင်းအ၀ိုင်းက ငြင်းပါယ်ခြင်း မရှိပါ။ ဒါပေမယ့် လူသားမျိုးနွယ်အကြား တမင်ရည်ရွယ်ချက်နဲ့ သမိုင်းလိမ်မှု၊ တန်းတူညီမျှ ဥပဒေ မရှိမှု၊ မတော် မတ ရားတဲ့ လိမ်ညာစွပ်စွဲမှုများနဲ့ လူမျိုးနွယ်တစ်စုကို ဖိနှိပ်ပြီး မျက်ကန်းအယူသည်းအုပ်စုတစ်ခုကို မျက်နှာသာပေး မှုတို့ကို ပြုပြင်ပြောင်းလဲဘို့ရာ ဥပဒေ ပြဌာန်းမှုကို ကမ္ဘာ့မည်သည့်နိုင်ငံကမှ အချိန်ပေးမှု မရှိပါ။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခအားလုံးကို ပြန်ကြည့်ရင်-၊ ကမ္ဘာက လုံးဝ ခွင့်လွှတ်ပေးလို့ မရနိုင် တဲ့ အရေးကိစ္စက “ရိုဟင်ဂျာ” အရေးကိစ္စဖြစ်နေပါတယ်။ ကမ္ဘာ့လူ့ကျင့်ဝတ်ရှုဒေါင့်၊ ကမ္ဘာ့ဘာသာတရားများ ရှုဒေါင့်၊ ကမ္ဘာ့ဥပဒေများ ရှုဒေါင့်၊ ကမ္ဘာ့လူ့အခွင့်အရေးရှုဒေါင့်၊ ကမ္ဘာ့သမိုင်းရှုဒေါင့်- ဘယ်ရှုဒေါင့်က ကြည့်ကြည့် ဘယ်လိုမှ ခွင့်လွှတ်နားလည်ပေးလို့ မရတဲ့ အရေးကိစ္စဖြစ်နေပါတယ်။ ဒီကိစ္စမှာ “ရိုဟင်ဂျာ”များကို မတရား သဖြင့် ရည်ရွယ်ချက်နဲ့ နှိပ်ကွပ်နေတယ်၊ မောင်းထုတ်နေတယ်၊ မျိုးဖြုတ်သတ်ဖြတ်နေတယ်၊ ဆိုတာ ကမ္ဘာက သိနေပါတယ်။ စောင့်ကြည့်နေပါတယ်။ ဒီကိစ္စကြောင့် မြန်မာ့ဗုဒ္ဓဘာသာ ဆိုတာလည်း ကမ္ဘာမှာ အကြီး အကျယ် နာမည်ပျက်ရသလို-၊ မြန်မာ့ ခေါင်းဆောင်များလည်း ကမ္ဘာမှာ အကြီးအကျယ် အရှက်ကွဲနေရပါတယ်။

ရိုဟင်ဂျာများကို ဟိုနာမည်ပေးမယ်၊ ဒီနာမည်ပေးမယ်၊ နည်းမျိုးစုံနဲ့ စဉ်းစားနေတဲ့ မျက်ကန်းမျိုးချစ်များကို ကမ္ဘာ က ကျပ်မပြည့်သူများလို့ သတ်မှတ်ခံစားနေပါတယ်။ အဲ့ဒီ ကျပ်မပြည့်သူများက ဘယ်လို ကင်ပွန်းတပ်တပ်- ကမ္ဘာ-တစ်ခုလုံးက သူတို့ကို “ရိုဟင်ဂျာ”လို့ပဲ တရားဝင် အသိအမှတ်ပြုထားပါပြီ။ ရိုဟင်ဂျာလို့ပဲ ခေါ်တွင်နေပါ ပြီ။ ရိုဟင်ဂျာ ဆိုတဲ့ အမည်နာက တစ်ပြားတစ်စေ့မှ ယုတ်လျှော့သွားခြင်း မရှိပါ။ ယုတ်လျှော့သွားစရာလည်း အကြောင်းမရှိပါ။

ကိုယ့်ရွာကို ကမ္ဘာထင်ပြီး- ကိုယ့်ရွာနဲ့ ကိုယ့်ဇတ် ကြိုက်သလို ခင်းမယ် ဆိုတဲ့ အယူဝါဒကို လက်ကိုင်ထားသူများ ရဲ့ တစ်ဦးချင်းသော အမည်နာမတွေဟာ ကမ္ဘာ့အလယ်မှာ မျက်ကန်းမျိုးချစ် ကျပ်မပြည့်သူ အဖြစ်သာ နေ့တစ်ဓူဝ ကျော်ဇောနေပါတယ်။ ၀န်ကြီးဘယ်သူက၊ လွှတ်တော်အမတ် ဘယ်သူက၊ သမိုင်းဆရာ ဘယ်သူက “ရိုဟင်ဂျာ”တွေကို လက်မခံကြောင်း၊ “ရိုဟင်ဂျာ”နဲ့ ပတ်သက်ပြီး ဗြောင်ငြင်းနေကြောင်း- သတင်းတွေဟာ ကမ္ဘာ့ ဘာသာစကား ပေါင်းစုံနဲ့ နေ့စဉ်ပျံ့နှံ့နေပြီး- ကမ္ဘာ့အလည်မှာ အရေးကြီးတဲ့ Issue အဖြစ် သမိုင်းတင်နေ ပါတယ်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပ နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အရှေ့အလယ်ပိုင်း နိုင်ငံ များ-၊ နောက်ဆုံး ပစ္စပိတ်ကျွန်းနိုင်ငံများ၊ တောင်အမေရိကနိုင်ငံများ၊ အာဖရိကနိုင်ငံများ-၊ အားလုံးမှာ အဲ့ဒီ ရိုဟင်ဂျာ ဆန့်ကျင်သူများကို မျိုးပြုတ်သတ်တရားခံများ အဖြစ် ရာထူး ဌာန နာမည်နဲ့ တကွ နေ့စဉ်မှတ်တမ်း တင်နေပါတယ်။

ဒီလို ပွင့်လင်းတဲ့ စီးကြောင်းကြီးကို မြန်မာနိုင်ငံက ဘယ်လောက်များ တားဆီးကာကွယ်ထား နိုင်မလဲ။ တရားခံဖြစ်ရမယ့်သူဟာ ကမ္ဘာမှာ လူလိမ်အဖြစ် သော်လည်းကောင်း၊ လူမျိုးတစ်စုကို မျိုးဖြုတ်သတ်ဘို့ ထောက်ခံအားပေးသူ အဖြစ်သော်လည်းကောင်း မှတ်တမ်းတင်ခံနေရတာကို ဂုဏ်ယူနေနိုင်မလား ဆိုတာ တော့ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်ဘို့ လိုပါမယ်။ ကိုယ့်ရဲ့ သားစဉ်မြေးဆက် ဂုဏ်သိက္ခာကိုလည်း ထောက် ထားငဲ့ညှာတတ်ဘို့ လိုပါမယ်။ အပြစ်မဲ့တဲ့ သားသမီး၊ မြေးမြစ်ဟာ-၊ လူလိမ်လူကောက်တစ်ဦး၊ ကမ္ဘာ့တရားခံ တစ်ဦးရဲ့ သားသမီး၊ မြေးမြစ် ဘ၀ကိုလည်း အလိုလို ရောက်နေပါပြီ။

အမှန်တရားဟာ ခိုင်မာပါတယ်၊ တည်တံ့ပါတယ်။ ဘယ်သူတွေက ဘယ်လောက် ရာထူးကြီးကြီး-၊ ဘယ် လောက်သြဇာရှိရှိ အမှန်တရားကို ပါယ်ဖျက်လို့ မပျက်နိုင်ပါ။ “အရက္ခဒေသ- မဟာဝိဟိက” တိုင်းကြီးဟာ ရိုဟင်ဂျာတို့ရဲ့ မူလဘူတ ဇာတိမြေဖြစ်ပြီး-၊ အခု ရခိုင်လို့ ခံယူထားသူတွေဟာ မြန်မာ့အရှေ့မြောက်ဘက်က ရိုဟင်ဂျာများထက် နောက်ကျမှ ၀င်လာတဲ့ ဗမာလူမျိုးစုသာ ဖြစ်ပါတယ်။ ဒါကို ကမ္ဘာ့သမိုင်းပညာရှင်တွေ တွေ့ ရှိထားပါပြီ။ လက်ခံထားပါပြီ၊ ကမ္ဘာ့အမွေအနှစ် ထိမ်းသိမ်းစောင့်ရှောက်ရေး (ယူနက်စ်စကို) ကိုယ်တိုင်က- ရိုဟင်ဂျာ တွေဟာ- လက်ရှိရခိုင်ဒေသရဲ့ မူလဘူတ လူမျိုး Aborigines အဖြစ် အသိအမှတ်ပြုဘို့ အတွက် Research တွေ လုပ်နေပါပြီ။ ရိုဟင်ဂျာ လူမျိုးများရဲ့ ရုပ်ရည်နဲ့ ရှေးဟောင်း ရခိုင်သမိုင်းကျောက်စာများ၊ ရှေးဟောင်း ရခိုင်မင်းဆက် အမည်နာမများက မြောက်များစွာ အထောက်အကူဖြစ်နေပြန်ပါတယ်။ ဒီအချက် ဟာလည်း မျက်ကန်းမျိုးချစ်များ အတွက် အိပ်မပျော်စေနိုင်မယ့် အချက်တစ်ခု ဖြစ်လာနေပါတယ်။

မျက်ကန်းအမျိုးသားရေးဝါဒီများရဲ့ မတော်မတရား အမုန်းခံရလေ- အဲ့ဒီ အမုန်းခံရသူကို ကမ္ဘာ့အသိုင်းအ၀ိုင်းက ကရုဏာသက်လေ ဆိုတဲ့ အချက်ကို ကျပ်ပြည့်သူတိုင်းက ခံစားသိမြင်နိုင်ပါတယ်။ အခုအချိန်ဟာ မိမိစိတ်ကို မိမိမပြုပြင်ဘဲ ဆက်လက်မိုက်မဲနေတဲ့ မျက်ကန်းမျိုးချစ်များ အတွက် အရူးမီးဝိုင်း အခြေအနေကိုသာ ရောက် လာနေပါပြီ။ မျက်ကန်းမျိုးချစ်ဝါဒမှာ ဆက်လက်ရပ်တည်သူ၊ မျက်ကန်းမျိုးချစ်ဝါဒကို ထောက်ခံအားပေးသူ- ၀န်းရံပေးသူ အားလုံးဟာ ကိုယ့်ဒုက္ခကိုယ်ရှာနေသူများသာ ဖြစ်ပြီး-၊ တစ်နေ့တစ်ခြား သူတို့ရဲ့ လုပ်ရပ်နဲ့ အရှိန် အ၀ါသာ ယုတ်လျှော့လာနေပြီး- ရိုဟင်ဂျာတွေကို ကမ္ဘာ့ထောက်ခံမှုက တစ်နေ့တစ်ခြား တိုးပွားလို့သာ လာနေ ပါတယ်။

အမှားတစ်ခုမှာ ခေါင်းမာနေသူများ၊ ကိုယ့်ဒုက္ခကိုယ်ရှာနေသူများဟာ- ကမ္ဘာ့အလယ်မှာ တစ်နေ့တစ်ခြား အရှက်ကွဲလာရမယ်၊ ကမ္ဘာ့လူထုရဲ့ ချဉ်ဖတ်ဖြစ်လာရမယ်၊ သားသမီးမြေးမြစ်များရဲ့ ဂုဏ်သိက္ခာကို စော်ကားသူ များ ဖြစ်လာရမယ်၊ သူတို့ရဲ့ လုပ်ရပ်များက သူတို့ကို ဂွင်ကျင်းလာစေပြီး-၊ လိမ်လေ- ပတ်လေဘ၀နဲ့ အိပ်မပျော် စားမ၀င်ဖြစ်လာရမယ်၊

ဒီတော့ ကျုပ်တို့ဘက်က စိန်ခေါ်ခြင်းနဲ့ မေတ္တာရပ်ခံခြင်း နှစ်ရပ်ကို လမ်းဖွင့်ထားပါတယ်။ အမှန်တရားဘက်ကို ဘက်ပြောင်းလိုသူများ အတွက် ကျုပ်တို့ဘက်က တံခါးပိတ်ထားခြင်း မရှိပါ-၊ ဒီအတွက် အမှန်တရားကို လက်ခံ လိုသူ၊ အမှန်တရားကို ချစ်သူ၊ အမှန်တရားကို မသိခဲ့လို့ မှားခဲ့ရသူ- အားလုံးအား အမှန်တရားကို လေ့လာဘို့ မေတ္တာရပ်ခံပါတယ်။ မိမိနှလုံးသားကို မိမိ မပြင်နိုင်သူ၊ အမှန်ကို သိလျှက် ဇွတ်မိုက်နေသူ၊ မနာလိုမစ္ဆရိယစိတ် ရှိသူများ အနေနဲ့--၊ ဆက်လက်မိုက်မဲ မိုက်ကြေးခွဲနေရင်လည်း ကျုပ်တို့ဘက်က အမှန်တရားတော်လှန်ရေးကို ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူးလို့ ထပ်ဆင့်စိန်ခေါ်ပါတယ်။ အောင်မြင်မှုက ကျုပ်တို့လက်ထဲမှာပါ။ အောင်မြင်မှု ရောင်နီဟာလည်း ထွန်းလင်းလာနေပါပြီ။ တနည်းအားဖြင့် သန်းခေါင်ကျော်ခဲ့ပါပြီ။


ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင်တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.