Wednesday, March 20, 2013

မိတ္ထီလာမြို့တွင် ဗလီ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်းများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတထံ မေတ္တာရပ်ခံချက်

နိုင်ငံတော်သမ္မတခင်ဗျား
ဂါရဝ၊ နိဝါသတရား ရှေ့ထား၍ မေတ္တာရပ်ခံ အပ်ပါသည်။

ငြိမ်းချမ်းသာယာမှု အပေါင်း ခညောင်းပါစေ။
ယနေ့ (၂ဝ.၃၂၀၁၃) နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့တွင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်ရမည့် ဖြစ်စဉ်တစ်ခုကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ (၉၆၉)က သံဃာတော်များ ဦးဆောင်ကာ အစ္စလာမ် ဘာသာဝင်များ၏ အိမ်များ၊ ဆိုင်များ၊ သာသနိက ဗလီအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

သက်ဆိုင်ရာက အချိန်မီဖြေရှင်း ဆောင်ရွက်ပေးပါက အမြန်ဆုံးပြေလည် သွားနိုင်သော်လည်း သက်ဆိုင်ရာက အချိန်မီ ဖြေရှင်းဆောင်ရွက် ပေးမှုမရှိခဲ့သဖြင့် ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှု အဆင့်သို့ရောက်ရှိလာခဲ့ပါသည်။ ပုဒ်မ(၁၄၄) ထုတ်ပြန်ပြီးသည့် နောက်ပိုင်းတွင်ပင် ဗလီဝတ်ကျောင်းတော်များ ဆက်တိုက် မီးရှို့ခံနေရပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ခုနှစ်၊ အခန်း(၈) တွင်
“၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။
၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ် ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်။
၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။
၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေး ကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်” ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ခုနှစ်၊ အခန်း(၈) ပုဒ်မ 
 ၃၆၄ ပြဋ္ဌာန်းချက်နှင့် အညီ ဥပဒေတစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းပေးပါရန် အနူးအညွတ် တောင်းဆိုအပ်ပါသည်။
ဗုဒ္ဓဘာသာဝင် အစွန်းရောက် အကြမ်းဖက်အဖွဲ့ (၉၆၉)က ကရင်ပြည်နယ်၌ လည်းကောင်း၊ မွန်ပြည်နယ်၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၌ လည်းကောင်း ပေါ်ပေါ်ထင်ထင်စည်းရုံးမှုများ ဆောင်ရွက်နေခြင်း၊ လမ်းမပေါ် တရားပွဲများပြုလုပ်၍ အစ္စလာမ်ဘာသာအား ထိုးနှက်တိုက်ခိုက် ချေမှုန်းရန် လှုံ့ဆော်နေခြင်း၊ မွတ်စ်လင်မ်များအား အိမ်မရောင်းရန်၊ အိမ်မငှားရန်၊ အရောင်းအဝယ်မပြုလုပ်ရန် ညွှန်ကြားနေခြင်း/ လိုက်လံ အရေးယူဆောင်ရွက်နေခြင်း၊ လှုံ့ဆော်စာများ၊ လှုံ့ဆော်ရေးဘုန်းကြီးတရားခွေများ၊ စာအုပ်များ၊ ကဗျာများ၊ စတစ်ကာများ၊ မန္တလေးသိန်းဇော်၏ သီချင်းခွေများ ဖြန့်ဝေနေခြင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့်အပြင် လူကြီးမင်းတို့၏ Clean Government, Good Government အား Dead Government ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ပါ၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးပါရန်နှင့် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ မိမိယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ရရှိရေး တို့ကို ပွင့်လင်းမြင်သာစွာ အလျင်အမြန် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

လေးစားစွာဖြင့် -

အလ်ဟာဂ်ျဇော်ထွန်း

အန်ဆွာရီနှင့် လူငယ်ရေးရာဌာနမှူး
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
အမှတ်(၁၈၃) ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
၂ဝ.၃.၂ဝ၁၃

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.