Saturday, August 18, 2012

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁၊၂၊၃) | အောင်ထူး (ရှေ့နေ)



ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁)


၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏ မေးခွန်းများ အား ဖြေကြား သွားခဲ့သည်။ စစ်အစိုးရ၏ သမတ ပင် ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကို တလေးတစားဖြေကြား သွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နုတ်ဖျားမှ နေ၍ "လူသားအမြင် မျိုးရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ် လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖေါ်ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် က နှစ်ပေါင်း ငါးဆယ်ကျော်လွှမ်းမိုးခဲ့ သည့် ကာလ အတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေး အတွေးအခေါ် စသည့်စကားလုံးများ အား တန်ဘိုးထားကြောင်းပြသသည့် အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့် ဖြစ်သည်။
ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်းလျှဉ်း၍ ဦးသိန်းစိန်က "တိုင်းပြည်ရဲ့ ထူးခြားတဲ့ အနေအထားအရ ကြည့်ရမယ်။

တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာကို ထိပါးတာ လက်မခံနိုင်ဘူး။ ဒါဟာ အမျိုးသားရေး ပြသနာဖြစ်တယ်။ အမျိုးသား လုံခြုံရေး ရှုဒေါင့်ကနေ ကြည့်ရမယ်။” စသည်တို့ကို တလုံးမှ သုံးပြီး ခုခံချေပနိုင်ခဲ့ခြင်း မရှိပါ။

ယခု ဦးသိန်းစိန် ကိုယ်တိုင်၏ အတိအလင်းထုတ်ဖေါ် ချက်အရ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ လူသားချင်းစာနာမှု အယူအဆ နှင့် လူ့အခွင့်အရေး အတွေးအခေါ် တို့ အား ရှေ့ တန်းကနေတင်ပြီး စဉ်းစားရမည် ဆိုသည့်အချက်မှာ အငြင်းမပွား တော့ဟု ဆိုနိုင်သည်။ အင်တာဗျူး အသေးစိပ်ကို ကို ဤလင့်ခ်တွင် နားဆင်ပါ။

http://www.youtube.com/watch?v=2L2-QRCs5s0

ယခုကဲ့သို့ စစ်အစိုးရ၏ ထိပ်သီးကြီး ကိုယ်တိုင်က ၀န်ခံပြောဆိုလာပြီ ဖြစ်သဖြင့် စစ်အစိုးရ၏ လွှတ်တော်အတွင်းမှ နေ၍ စစ်အစိုးရလေသံအတိုင်း ပြောဆိုနေကြသော အချို့ လွှတ်တော်ကိုယ်စားလှယ် များ၊ အုပ်ချုပ်ရေးအာဏာ ပိုင် ပုဂ္ဂိုလ်များ သည် "လူ့အခွင့်အရေး ချည်းဘဲ ပြောနေလို့ မရဘူး။ ကိုယ့်နိုင်ငံရဲ့ထူးခြား တဲ့အခြေအနေကိုလည်း ကြည့်ရမယ်” ဟူသော မရေရာသည့် ဆင်ခြေမျိုး မပေးသင့်တော့။ လူ့ အခွင့် အရေး ချိုးဖေါက် မှုများအား အားပေး သည့် သဘော ဆောင်သည့် ပြောဆိုမှု၊ ပြုမူမှုများ အား အမြန်ဆုံးရပ်တန်းက ရပ်သင့်ပြီ ဖြစ်သည်။

စာရေးသူသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့တွင် ရိုဟင်ဂျာပြသနာ၊ လူ့အခွင့်အရေး နှင့် အမျိုးသားဂုဏ်သိက္ခာ ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင်ရေးသားတင်ပြခဲ့ပြီး အဓိကရုဏ်းအား ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက်အထောက်အကူပြုသည့်အနေ ဖြင့် နိဂုံးချုပ်တင်ပြချက် စုစုပေါင်း ရှစ်ချက်ကို တင်သွင်းခဲ့သည်။ ပထမဆုံး အချက်မှာ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တို့နှင့် စပ်လျှဉ်း၍ ဖြစ်သည်။ ယင်းကို အောက်တွင် ရှုစေလိုပါသည်။

(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ်အသက် ရှင် ခွင့် ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာ လုံးဝ မဖြစ် သင့် ပါ။ လူ့အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာ သာဝင်များ အနေဖြင့် အမြန်ဆုံးကူညီ စောင့်ရှောက်နိုင်၇န် စဉ်းစားဆောင်ရွက်သင့်ပါသည်။

ဤ တင်ပြချက်ကို ထောက်ကာ စာရေးသူအား ရိုဟင်ဂျာများ ဘက်ကလိုက်ပြီး ရေးသည်ဟု ထိုစဉ်ကဝေဘန်သူ တချို့ ရှိခဲ့ သည်။ ဖြေရှင်းခွင့် မကြုံခဲ့ပါ။ ရင်းနှီးသောမိတ်ဆွေတချို့တလေ ကလည်း စာရေးသူအား ခင်ဗျား ဒီကိစ္စကြီးသွားပြီး မရေးနဲ့ဗျ၊ သိတ်ရှုတ်တယ် ဟု သဘောရိုးဖြင့် သတိပေးကြပါသည်။ ဝေဘန်သူတချို့ကို မည်သို့မျှ အာဃာတ မရှိ သလို၊ စေတနာရိုးဖြင့် သတိပေးသော မိတ်ဆွေများကို လည်း ကျေးဇူးတင်ရပါမည်။ သို့ရာ တွင် ကမ္ဘာလောကကြီးတွင် တရားမျှတမှုဖုံးလွှမ်းစေလိုပါက အမှန်တရားကို ထုတ်ဖေါ်ရမည်ဟု ယုံကြည်သောကြောင့် ယခု နောက်ထပ်ဆောင်းပါး တစောင် ထပ်ရေးခြင်းဖြစ်သည်။

ရိုဟင်ဂျာလည်း လူဖြစ်ပါသည်။ ကုလားဟု အလွယ်တကူခေါ်နေကြသူများလည်း လူဖြစ်ပါသည်။ တရုတ်လည်း လူဖြစ် ပါသည်။ ဤပုဂ္ဂိုလ်များ အားလုံးကို လူ ဟူ၍ အရှိအတိုင်း မြင်စေလိုသော စေတနာဖြင့် စာရေးသူက အထက်တွင်ဖေါ် ပြခဲ့သည့် ဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက ထိုပုဂ္ဂိုလ်များအပေါ် လူ့ဂုဏ်သိက္ခာနှင့် အညီ သဘောထားစေခြင်၊ ဆက်ဆန်စေခြင်၍လည်း ဖြစ်သည်။ လူ့အခွင့်အရေးကို လက်ခံလျှင် ဤသည်ကို ငြင်းဆန်ရန် မသင့်ပါ။

လူ့ အခွင့်အရေးကို အမျိုးသားရေးနှင့် ဆက်စပ်၍လည်း တန်ဘိုးထားသင့်ပါသည်။ ယနေ့ကမ္ဘာတခွင် ဆက်သွယ် ဆောင်ရွက်သော Globalization ခေတ်ကို ရောက်နေပါပြီ။ ဤသည်ကို မည်သူမျှ အငြင်း မပွားပါ။ စစ်အာဏာရှင် နေ၀င်း ကြီးစိုးခဲ့သည့် အချိန်ကလို ကိုယ့် နိုင်ငံကို ကိုယ် တံခါးပိတ်ထားပြီး ၀ါးလုံးခေါင်းထဲ မှာ လသာလို့ရသော ခေတ်မဟုတ်တော့ပါ။ ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သော ခေတ်ကြီးတွင် အားကောင်းချက် များရှိသလို အားနည်းချက်များလည်း ရှိပါသည်။ လူ့အခွင့်အရေး အတွေးအခေါ် အယူအဆ ကမ္ဘာတ၀ှမ်းသို့ အရှိန် အဟုန်နှင့် ပျံ့နှံ့သွားသည်ကိုမူ အားကောင်းချက် အဖြစ် တကမ္ဘာလုံးက အငြင်းမပွားဘဲ လက်ခံကြပါသည်။

လူ့အခွင့်အရေးကို လက်ခံကျင့်သုံးသော လူမျိုးသည် ကမ္ဘာတွင် ဂုဏ်တင့်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက် နာကျင့်သုံးသော ရခိုင်လူမျိုးအဖြစ် ကမ္ဘာကအသိအမှတ်ပြုစေခြင်ပါသည်။ သမိုင်းတွင် ယဉ်ကျေးမှု အား ကောင်း ကောင်း ကျင့်သုံးခဲ့သော ရခိုင်လူမျိုး၊ မေတ္တာတရား ကြီးမားသော ဗုဒ္ဓဘာသာဝင်များဖြစ်သည့် ရခိုင်လူမျိုး အဖြစ် ကမ္ဘာက ရှုမြင်စေခြင်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်း ပြခြင်းသည် လူမျိုးတမျိုး၏ အမျိုးသား ဂုဏ်သိက္ခာကိုပါ မြင့် တက်သွားစေသည်။ ဤသို့ဖြင့် ရခိုင် လူမျိုး၏ လူမျိုးဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား အားလုံး၏ အမျိုးသား ဂုဏ်သိက္ခာကိုပါ မြှင့်တင်စေခြင်သည်။ စာရေးသူက အမျိုးသားရေးကို ဤသို့ ရှုမြင် ပါသည်။

ရခိုင်ပြည်နယ်၏ လှပသော ရေမြေတောတောင်များ၊ မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေများ၊ သဘာဝ ကျွန်းငယ်ကျွန်းစု များအား လူသတ်ကွင်းများ အဖြစ်ပြောင်းမသွားစေလိုပါ။ ငြိမ်းချမ်း သည့်ဒေသများ၊ လုံခြုံရေးအတွက် ပူပင်ရန် မလို အပ်သော နေရာများ၊ ဥပဒေစိုးမိုးရေး ရှိသည့် ၀န်းကျင်များ အဖြစ် ကမ္ဘာက ရှုမြင်စေလိုသည်။ သို့မှသာ နိုင်ငံခြား ခရီး သည်များ လာရောက် ကြပါမည်။ ရင်းနှီးမြှုပ်နှံလိုသူများ ၀င်လာကြပါမည်။ စက်ရုံအလုပ်ရုံများ အားကောင်းကောင်း ပေါ်လာပါမည်။ ကုန်ရောင်း ကုန်ဝယ်များ ဖြစ်ထွန်းပါမည်။ စာရေးသူက ရခိုင်အမျိုးသားများ၏ အမျိုးသား အကျိုးစီးပွား ကို ဤသို့ မြှော်မှန်းပါသည်။

_____________________________________________________________

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၂)

အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စစ်အစိုးရ၏ မူဝါဒသည် အဘယ်နည်း။

သမတ ဦးသိန်းစိန်သည် ယခုအချိန်တွင် လူသားချင်း စာနာမှု နှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကိုသာ အကြိမ်များစွာ ထပ်ခါတလဲလဲ သုံး၍ ပြောလာ နေပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ မူလ ကထဲက ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရ မှာ ဤ သဘောထား သို့ မဟုတ် မူဝါဒ ရှိသလား။ လုံးဝမရှိခဲ့ဟု ပြောရပါ မည်။

အဓိကရုဏ်းစဖြစ်သည့် အချိန်မှစ၍ သြဂုတ်လ (၁၅)ရက်နေ့ အင်တာဗျူး ပေါ်ထွက်လာသည့်အချိန်အထိ နှစ်လ ကျော်မျှ ကာလအတွင်း အပြန်အလှန်သတ်ဖြတ်မှုကြီးများ ဖြစ်ပွားနေခဲ့သော်လည်း လူသားချင်းစာနာမှု နှင့် လူ့အခွင့် အရေး အခြေခံတို့မှ ချည်းကပ်သင့်ကြောင်း ဦးသိန်းစိန်က ရခိုင်ပြည်သူများအား ယခု ကဲ့သို့လေးလေးနက်နက် တိတိ ကျကျ ဖြောင့်ဖျခဲ့ခြင်း မရှိပါ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပြောင်းလဲ ပြောဆိုလာပါ သနည်း။ အဓိကရုဏ်းတွင် စစ် အစိုးရ၏ပါဝင်ပတ်သက်မှုကို လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများက ရက်စွဲနှင့်တကွ တိတိကျကျထောက်ပြလာပြီး နောက်ပိုင်း နိုင်ငံတကာ၏ ထိထိေ၇ာက်ေ၇ာက် အရေးယူမှုကို အမှန်တကယ် ခံလာရနိုင်ဘွယ် ရှိကြောင်း ယခုအချိန် တွင် ရိပ်စားမိလာသောကြောင့်သာ ပြောင်းလဲပြောဆိုလာခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဟုတ်ဟု ဦးသိန်းစိန်က ငြင်းသွားခဲ့သည် နှင့် ဆက်စပ်ကာ ဦးသန်းလွင်ထွန်းက အောက်ပါတိုင်း မေးမြန်းခဲ့သည်။

"လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဟုတ်ဘူး ဆိုပေမယ့် တဘက်နဲ့တဘက် ရေရှည် မုန်းတီးမှုတွေ ရှိတာတော့ ငြင်းလို့ မရတဲ့ကိစ္စပါ။ ဒေသထဲမှာ အတူနေထိုင်လာကြတဲ့ အခါကျတော့ မုန်းတည်းမှုတွေ သည်ထက်ပိုပြီး ပျံ့ပွားမလာအောင် နှစ်ဘက် အတူယှဉ်တွဲနေထိုင် နိုင်အောင် ဘယ်လို စီမံချက်တွေ ဖြေရှင်းမှုတွေ ရေရှည် လုပ်ဆောင်သွားဘို့ရှိပါသလဲ။”

ဤမေးခွန်းအား မေးဖြစ် ဖြေဖြစ်သည့် အခြေအနေမည်သို့ ရောက်သွားကြောင်းတော့ မေးသူ ဖြေသူ နှစ်ဦးသာ သိပါ မည်။ ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းအတွင်း နေစေပြီး တတိယနိုင်ငံသို့ ပိုးပေးမည်ဆိုပါက ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးအား အစိုးရက ကူညီသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကမ္ဘာသိကြေငြာထားခဲ့ပြီး ဖြစ် သည်။ ယခုဤသည်ကို အကောင်အထည် မဖေါ်တော့ဘူးလား။ စစ်အစိုးရ သဘောထားပြောင်းသွားပြီလား။ ပြောင်း သွားလျှင်လည်း ပြောင်းသွားပြီ ဖြစ်ကြောင်း ကမ္ဘာသိကြေငြာရန်လိုပါသည်။

ရခိုင်လူထုထံမှ နိုင်ငံရေးအရထောက်ခံမှုရစေရန် ဦးသိန်းစိန်က အထက်ပါကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း၊ လုပ်ဆောင်ပြီး နောက် ကြေငြာခဲ့ခြင်း လည်း ဖြစ်သည်။ အစိုးရ၏ပါဝင်ပတ်သက်မှုရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း များက အစောပိုင်းကထဲက ထောက်ပြချက်များနှင့် ဦးသိန်းစိန်၏ ဤကြေငြာချက်ကို ဆက်စပ်ကြည့်လျှင် စစ်အစိုးရ သည် ရိုဟင်ဂျာများ (ဦးသိန်း စိန်၏ စကားလုံးအရ ဘင်္ဂါလီများအား) လူ့အဖွဲ့အစည်းမှ ပြတ်ပြတ်သားသား မောင်းနှင် ထုတ်ရေးမူဝါဒ Exclusion Policy ကို အဓိကရုဏ်း၏ အစကထဲကပင် ကျင့်သုံးဖေါ် ဆောင်ခဲ့ကြောင်းသုံးသပ်နိုင်သည်။ ယင်းအတွက် မကောင်းသည့် အကျိုးသက်ရောက်မှုများအနေဖြင့် လူမျိုးရေးအရ နှိမ့်ချတိုက် ခိုက်မှုများ၊ အပြန်အလှန် သတ်ဖြတ်မှုကြီးများ တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။ ယင်းအတွက် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရတွင် လုံးဝပင် တာဝန်ရှိသည်။

ယခုမူ ဦးသိန်းစိန်၏ ရုပ်သွင်ကို အင်တာဗျူးတွင် တွေ့မြင်လိုက်ရသောအခါ ၄င်း၏ စစ်အစိုးရအနေဖြင့် အုပ်စုကြီးနှစ်ခု ၏ အလယ်တွင် နေပြီး ငြိမ်သက်ငြိမ်းချမ်းမှုရှိအောင်ပင် တိုင်းပြည်ကို ထိမ်းသိမ်းနေသည့် သဘော မှင်သေသေ ရှင်း လင်းဆွေးနွေးသွားခဲ့သည်။

ယင်းသို့ဖြစ်ခြင်းမှန်ကန်လျှင် အမှန်တရားဖေါ်ထုတ်နိုင်ရေးအတွက် နိုင်ငံတကာက လာ ရောက်စစ်ဆေးမည် ဆိုသည်ကို ဦးသိန်းစိန် အဘယ်ကြောင့် လက်မခံနိုင်ပါသနည်း။ ဦးသိန်းစိန် ရည်ညွှန်းသည့် လူ့အခွင့်အရေးကော်မီရှင် လွတ်လပ်မှုရှိသည်ဆိုသည်မှာ လုံးဝပင်လွဲမှားနေသည်။ လူ့ အခွင့်အရေးကော်မီရှင်ဟူသည် မှာ သမတရုံးအဖွဲ့ ၏ အစိပ်အပိုင်း တခုကဲ့သို့ ဖြစ်နေသည်။ သူကြီးလုပ်သူကိုယ်တိုင်ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရ သည့် အမှုတွင် လူ့အခွင့်အရေး ကော်မရှင်မှာ သူကြီးတူ အဆင့်လောက်သာ ရှိကြောင်းတင်ပြခဲ့ပါပြီ။ လူ့အခွင့်အရေး ကော်မရှင်တွင် မည်သည့်အခွင့်အာဏာမျှ မရှိသလို သမတ ကိုယ်တိုင်ကျူး လွန်သည့် ပြစ်မှုမှန်သမျှကိုလည်း မည်သည့် အခါမျှ ဖေါ်ထုတ်မည် မဟုတ်ပါ။

ပို၍ဆိုးသည်မှာ ဦးသိန်းစိန်၏ ကြေငြာချက်ထွက်လာခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း အတွင်း၌ လုံးဝ ပင် နှစ်ခြမ်းကွဲသွား ခဲ့သည်။ ရိုဟင်ဂျာ ဆိုသူ (သို့မဟုတ်) ဘင်္ဂါလီ မွတ်ဆလင်ဆိုသူများ ကို ရခိုင်ပြည် နယ်မှ အပြီး အပိုင် မောင်းထုတ်လိုက်ခြင်းသည် ပြသနာ၏ အဖြေဖြစ်သည်ဟူ၍ ရခိုင်လူထုအများစုကြီး၏ စိတ်တွင် စွဲထင်သွား စေသည်။ ယင်းသို့မောင်းထုတ်ခြင်းမှာ တရားသော လုပ်ဆောင်ချက် ဖြစ်သည်ဟု ထင်မြင်လာစေခဲ့သည်။ ယင်း အတွက်တာဝန်ရှိသူမှာ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ တဖွဲ့လုံးဖြစ်သည်။ ယင်းကို ပထမ ရှင်းပြ သင့် သည်။ ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဦးသိန်းစိန်သည် ဤသည် နှင့် စပ်လျှဉ်း၍ မည်သို့မျှရှင်းလင်း ဖြေကြားခဲ့ ခြင်းမရှိပါ။

သာဓကအားဖြင့် လူတဦးက အခြားတဦးအား "ထမင်းစားပြီးပြီ လား” ဟု ပထမ မေးပြီးမှ ”ဘာဟင်းနဲ့ စားခဲ့လဲ" ဟုမေးလေ့ရှိပါသည်။ ပထမ မေးခွန်းကို မမေးဘဲ ဒုတိယ မေးခွန်းကို တန်းပြီး မေးပါက မေးမြန်းခံရသူ သည် ထမင်း စားပြီးဖြစ်ကြောင်း မေးမြန်း သူက ကြိုတင်သိထားနှင့် သည့် သဘောသက်ရောက်သည်။ ပထမမေးခွန်းကိုကျော်ပြီး ဒုတိယ မေးခွန်းကို မေးခြင်းအားဖြင့် ဦးသိန်းစိန်၏ အစိုးရတွင် နှစ်ဘက် အတူ ယှဉ်တွဲနေထိုင်ရေး မူဝါဒ ရှိနေပြီဟု မေးသူ ဦးသန်းလွင်ထွန်းက ကြိုတင်သိနေ ၍ ဖြစ်ကောင်းဖြစ်ပါမည်။ ထူးခြားသည်မှာ ဖြေကြားသည့် ဦးသိန်းစိန် ကိုယ်တိုင်ကလည်း မိမိတို့နိုင်ငံတွင်းသို့ တရားမ၀င်ခိုးဝင်နေသည့် ဘင်္ဂါလီများအား မူရင်းနိုင်ငံသို့ ပြန်ပို့မည် ဟူ၍ လည်းကောင်း၊ လက်ခံမည့် တတိယ နိုင်ငံများသို့ သွားနိုင်ရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံးအား ကူညီသွားမည်ဖြစ်ကြောင်း တခွန်းမျှ မဟတော့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းအား သမတ ဦးသိန်းစိန်က "ရေရှည် ဖြေရှင်းသွားရမှာပါ။ရခိုင်တိုင်းရင်းသားပါတီအကြီးအကဲ တွေနဲ့ တွေ့ပါတယ်။ ကမ္ဘာကြီးက ကျဉ်းမြောင်းသွား ပြီ။ ရွာကြီးတရွာလို ဖြစ်နေ တယ်။ ကျွန်တော်တို့ က သူ့လူမျိုး ကိုယ့် လူမျိုး သူ့ဘာသာ ကိုယ့်ဘာသာ ခွဲခြားလို့ မရ ဘူး။ လူသားဆိုတဲ့ အမြင် နဲ့မြင်ပါ။ လူသား ဆိုတဲ့ အမြင် နဲ့ မြင်ရမယ်။ ကမ္ဘာမှာ လဲ လူ့အခွင့်အရေး ကို ရှေ့တန်း တင်ပြီး ပြောလာကြတယ်။ လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ် ဘို့ လိုပါ တယ်။” ဟု ဖြေသွားခဲ့သည်။

စာရေးသူတို့ ကလေးဘ၀က တခုခုကို နှစ်ခြိုက်သဘောကျမိလျှင် နောက်ပြောင် ပြောကြသည့် စကားလုံး တခုရှိသည်။ "ဒီ ထက် ကောင်းတာတောင် ဒီလောက် မကောင်းဘူးကွ" ဟူ၍ ဖြစ်သည်။ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်များ အား ဦးသိန်းစိန်ထက် ကောင်းအောင် မည်သူမျှ ရှင်းပြနိုင်မည် မဟုတ်ပါ။ ဦးသိန်းစိန်ထက် ကောင်းအောင် ရှင်းပြဦး တော့ ဦးသိန်းစိန်လောက် မကောင်းမှာ သေချာပါသည်။ မှန်ပါသလား။ စဉ်းစားကြည့်ကြရအောင်ပါ။

(အပိုင်း ၃ ကို ဆက်လက် ဖတ်ရှုပါရန်)

အောင်ထူး (ရှေ့နေ)

သြဂုတ်လ (၁၆) ရက် ၂၀၁၂ ခုနှစ်

__________________________________

ရခိုင်ပြည်နယ်အဓိကရုဏ်း ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၃) | အောင်ထူး (ရှေ့နေ)

ယခုအချိန်၌ လူသားချင်းစာနာထောက်ထားမှု နှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကို ထပ်ခါ ထပ်ခါ ကိုးကား သုံးစွဲလာပြီဖြစ်သော သမတဦးသိန်းစိန် နှင့် ဆက်စပ်လျှက် နောက်ထပ် မြန်မာ ဆိုရိုးစကား တခုကို သတိရမိပါသည်။ “ပါးစပ်က ဘုရား ဘုရား လက်က ကိုးရိုး ကားယား” ဟူ၍ဖြစ်သည်။ ဤဆိုရိုးစကားက အပြောနှင့် အလုပ်ညီဘို့လို ကြောင်း ထေ
ာက်ပြထားခြင်းပင်။ ရခိုင် အဓိကရုဏ်းကို ဤဆိုရိုးစကားနှင့် ချိန်ထိုးပါမည်။

ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် ဘုရား ဘုရား ဟူ၍ပင် ရှေ့ကနေ၍ပြောသွားခဲ့ခြင်းမရှိပါ။ လက်က ကိုးရိုး ကားယား အရင် လုပ်ခဲ့ပြီး နောက်ပိုင်းမှ ပါးစပ်က ဘုရား ဘုရား တခြင်းသာ ဖြစ်သည်။ သာဓက တခုကိုပြောပါမည်။ ယခုသြဂုတ် လ (၁၅) ရက်နေ့အင်တာဗျူးတွင် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီ ခေါင်းဆောင်များနှင့်တွေ့ပြီး ပြောဆိုကြောင်း၊ ရခိုင်လူထုကို ၄င်းက စကားဆယ်ခွန်း ဆယ့်ငါးခွန်းပြောတာထက် ခင်ဗျားတို့တခွန်းပြောတာထိ ရောက်ကြောင်း ဆိုခဲ့ သည်။ အတိအကျအားဖြင့် ဦးသိန်းစိန်က ရခိုင်တိုင်းရင်းသားပါတီခေါင်းဆောင်များအား “ခင်ဗျား တို့က၀င်ပြီး အမြင် မှန်ရလာအောင် ပြောင်းလဲလာအောင် ပြောပေးပါ” တောင်းခံနေပြီ ဖြစ်သည်။

ဤသို့ဆိုလျှင် အဓိကရုဏ်းကြီးအတွင်း၌ အမြင်မှားခဲ့သူမှာ မည်သူနည်း။ ရခိုင်လူထု ဖြစ်သည် ဟု ဦးသိန်းစိန်က ဆို နေခြင်းဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှ ရခိုင်လူထုအပေါ် အပြစ်ပုံချ၇န် လမ်းခင်းနေခြင်းဖြစ်သည်။ ရခိုင်လူထု အမြင်မှား နေ သည်ဟု ဆိုပါလျှင် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရသည် အစောပိုင်းကာလများကထဲက ယခုကဲ့သို့ ဘာကြောင့် ရှင်းပြဘို့ မကြိုးစားခဲ့သနည်း။ မိမိ အစိုးရကိုယ်တိုင်၏ တာဝန်ရှိမှုကို ၀န်မခံဘဲ နိုင်ငံတကာ ဖိအားများ သက်ရောက် လာနိုင်သည့် အခြေအနေရောက်လာမှ ရခိုင်လူထုက အမြင်မှားပြီး ပြစ်မှုကြီးများကို ကျူးလွန်နေသယောင် အဘယ် ကြောင့် ပြောဆိုလာပါသနည်း။

ယခုမှသာ ရခိုင်လူထုအပေါ် အပြစ်ပုံချဘို့ ကြိုးစားနေသော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အဓိက ရုဏ်း စဖြစ်ခါစတွင် ပြသနာ ၏ တရားခံအဖြစ် လက်ညှိုးထိုးခံခဲ့ရသူမှာ (ရိုဟင်ဂျာ) မွတ်ဆလင်များဖြစ်သည်။ သာဓက တခုပြပါမည်။ ၂၀၁၂ ခုနှစ် ဇွန်လ (၉) ရက်နေ့ထုတ် ကြေးမုံသတင်းစာ၏ စာမျက်နှာ (၂၀) ကို ကြည့်ပါ။ ရခိုင်ပြည် နယ် ဘူးသီးတောင် မောင်းတော မြို့များ၌ ဆူပူသူ အင်အား ၁၀၀၀ ကျော်က အကြမ်းဘက်မှုများကို မည်သို့ ကျူးလွန် နေကြောင်း သတင်းအဖြစ် ဖေါ်ပြထားပြီး အဆိုပါ စာမျက်နှာ တခုတည်းမှာပင် ယင်းသတင်းနှင့် ကပ်လျှက် အောက်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် သာသနာရေး အဖွဲ့ကြီး မေတ္တာရပ်ခံပန်ကြားလွှာ နှစ်စောင်ကို တွဲထည့်ပေးထားသည်။ ယင်းပန်ကြားလွှာများတွင် နိုင်ငံတ၀ှမ်းနေထိုင်ကြသော အစ္စလမ်သာသနာဝင်များသည် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ် သာသနာရေး အဖွဲ့ကြီး က ထုတ်ပြန်သော အထူးမေတ္တာရပ်ခံချက်နှင့် အညီ နေထိုင်ကြရန်လိုကြောင်း ပါရှိသည်။ သို့ ရာတွင် သတင်းစာ၏ အဆိုပါ စာမျက်နှာ၌ ဗုဒ္ဓဘာသာဝင်များ အတွက် သံဃာ့နာယက အဖွဲ့ကြီးက ထုတ်ပြန်သော မေတ္တာရပ်ခံချက် မပါရှိပါ။ ဤသည်မှာ စစ်အစိုးရက ဦးဆောင်၍ သတင်းပညာအရ လုပ်ကြံထားခြင်းဖြစ်ကြောင်းထင် ရှားသည်။ ဆူပူအကြမ်းဘက်သူများသည် မွတ်ဆလင်ဘာသာဝင်များသာ ဖြစ်သည် ဟု သတင်းစာ ဖတ်သူအားလုံး ထင်ယောင်မှား ဖြစ်စေ၇န် လုပ်ကြံထားခြင်းဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ၏ တာဝန်ရှိမှုအောက်တွင် အဓိကရုဏ်းကြီးအတွင်း အသက်စွန့်လွှတ် သွားခဲ့ရ သူ လူထု အရေအတွက်ကို မည်သူမျှ အတိအကျမပြောနိုင်။ ဘ၀နစ်နာပျက်စီးဆုံးရှုံးခဲ့ရသူ အနည်းဆုံးခြောက်သောင်း ကျော်အနက် ဒုက္ခသည်စခန်းမှ နေ၍ ပြန်စရာ နေအိမ်ပင် မရှိတော့သူ ဦးရေမှာလည်း များလှစွာသည်။ အဓိကရုဏ်း ကြီး၏ ရိုက်ခတ်မှုကြောင့် ရှေ့ခရီး ဘယ်လိုဆက်၍ ဘာတွေ လုပ်ကိုင်စားသောက်ရမည် မသိတော့သူ ဦးရေ မှာ သိန်း တချို့ ချီ ရှိမည်ဟု မှန်းရသည်။

အဆိုးဆုံးမှာ ဦးသိန်းစိန်က ယခုအချိန်အထိ စစ်အစိုးရ၏ တိကျသော မူဝါဒကို မကြေငြာသေးခြင်းပင်။ ရခိုင်ပြည်နယ် အတွင်း၌ ရှိနေပြီဖြစ်သော မွတ်ဆလင် ဘာသာဝင်ဦးရေ အနည်းဆုံး ရှစ်သိန်းကျော်ကို တကယ်ဘဲ ဆက်လက် မောင်း ထုတ် သွားမှာလား။ မောင်းထုတ်သွားမည် ဆိုပါက လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှုကို ရရှိစေပြီး နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မည်သို့ ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်မှုအောင်မြင်စေရန် ဒေသခံ လူထုက မည်သို့ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ယင်းအစီအစဉ်အောင်မြင်စေရေးအတွက် အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကူအညီ နှင့် နိုင်ငံတကာ၏ အကူအညီတို့ကို မည်သို့ရှာဖွေသွာမည်ဖြစ်ကြောင်း တပြည်လုံး လူထုအား ဦးသိန်းစိန်၏ စစ်အစိုးရက အတိအကျ ရှင်းပြ၇န်လိုသည်။

သို့ မဟုတ် ယင်းပထမ မူဝါဒကို တရားဝင်ရုပ်သိမ်းပြီး နှစ်ဦးနှစ်ဘက် ငြိမ်းချမ်းစွာ အတူတကွ ဆက်လက် နေထိုင်ရေး ကို ဖေါ်ဆောင်မည်လား။ ဒုတိယ မူဝါဒ သို့ ပြောင်းလဲကျင့်သုံးမည် ဆိုပါက ယခု ဦးသိန်းစိန် အင်တာဗျူးတွင် ပြောခဲ့ သကဲ့သို့ လွယ်လွယ် ပြော၍ မရနိုင်ပါ။ ဘ၀နစ်နာပျက်စီး ဆုံးရှုံးခဲ့သူ လူထုကြီးတရပ်လုံး ထမင်းစားဘို့၊ နေစရာရ ဘို့အတွက် ဟိုက သည် က တောင်းခံပေးရုံ၊ လုံခြုံရေးအရ စစ်တပ်၏ သေနတ်ပြောင်းအောက်တွင် ဒူးထောက် ခိုလှုံ နေခွင့်ရရုံနှင့် လုံးဝ မလုံ လောက်ပါ။

(၁) အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ အမှန်အတိုင်း ဘာတွေ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကို လူထုကြီးရော နိုင်ငံတကာပါ အတိအကျ သိခွင့်ရအောင် ဆောင်ရွက်ပေးဘို့ လိုသည်။ ကုလသမဂ္ဂမှ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် အား လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့် ပေးဘို့ လိုသည်။

(၂) ပြစ်မှုကျူးလွန်သူများသည် လမ်းများပေါ်တွင် ငြိမ်းချမ်းစွာ လျှောက်သွားလျှက်ရှိကြသည်။ ထိုသူများအား ပြစ်မှု ကျူး လွန်ခံရသူများကလည်း နေ့စဉ်တွေ့မြင်နေရဆဲဖြစ်သည်။ သို့ ဖြစ်၍ ပြစ်မှုကျူးလွန်ခံရသူ လူထု၏ စိတ်အစဉ်တွင် မည်သည့် အခါတွင်မျှ ငြိမ်းချမ်းမှုရမည် မဟုတ်။ တချိန်ချိန်မှာ ထပ်မံကျူးလွန်ခံရလိမ့်မည် ဟူသော စိုးရိမ်ထိတ်လန့်မှု များ ရှိနေမည် ဧကန်ဖြစ်သည်။ ဥပဒေစိုးမိုးေ၇းကို တကယ်တန်းတည်ဆောက်မည် ဟု သက်သေပြလိုလျှင် ကျောသား ရင်သား မခွဲခြားဘဲ ပြစ်မှုကျူး လွန်ခဲ့သူ မှန်သမျှကို ဖေါ်ထုတ်အရေးယူ၇န်လိုသည်။

(၃) အမှန်တရားများ ပေါ်ထွက်လာပြီးနောက် ပြစ်မှုကျူးလွန်သူများအား အရေးယူစစ်ဆေးစီရင်နေသည့် တချိန်တည်း တွင် နှစ်ဘက်ပြန်လည်သင့်မြတ်ကြရေးအတွက် အခြေခံလူထုများအတွင်း တွေ့ဆုံမှုများ၊ ညှိနိုင်းမှုများ၊ တဘက်၏ နစ် နာချက်ကို အခြားတဘက်မှ ကြားသိစေခြင်းများ စီစဉ်ပေးဘို့လိုသည်။ ယင်းသို့ဖြင့် ကိုယ်ခြင်းစာနာစိတ်များ၊ အပြန် အလှန်ကူညီလိုမှုများ၊ မေတ္တာတရားများ ပွားများခွင့်ရလာအောင် စီစဉ်ပေးရန်လိုပါမည်။

(၄) ရခိုင်ပြည်နယ်အတွင်းရှိ တရားစီရင်ရေးအပါအ၀င် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအား လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်အားကောင်း လာအောင် ပြောင်းလဲဖွဲ့စည်း၊ လေ့ကျင့် တည်ဆောက်ဘို့ လိုသည်။ ဤသည်ကို အင်္ဂလိပ်ဘာသာဖြင့် Institutional Reform ဟု ခေါ်သည်။

အဓိကရုဏ်းကြီးနှင့်စပ်လျှဉ်း၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူသတိပေးသည်မှာ မှန်သလား။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆွေးနွေးပွဲ မှတ်တမ်းတခု ပေါ် ထွက်လာခဲ့သည်။ ဤမှတ်တမ်းသည် ယခုအချိန်တွင်အတော်ပင်ကျယ်ပြန့်စွာ ပျံ့နှံ့လျှက်ရှိသည်။ ဤမှတ်တမ်း သည် လည်းကောင်း၊ မှတ်တမ်းတွင် ဖေါ်ပြရေးသားထားသည့် အကြောင်းအရာများသည်လည်းကောင်း၊ အစစ်အမှန် မဟုတ် မှားယွင်းနေ သည်ဟု ဆိုလျှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ နှစ်ခုလုံး အနေဖြင့် သတင်းစာရှင်းလင်းပွဲတရပ်ခေါ်ယူကာ အသေးစိပ်ရှင်းပြရန်တာဝန်ရှိပါသည်။ အဘယ်ကြောင့် ဆို သော် ၄င်းမှတ်တမ်းတွင် ရေးသားထားချက်များသည် မတရားမှုများကို ဖုံးကွယ်ထားသလား ဟူ၍ အများပြည်သူက မှတ်ယူနိုင်စရာ အကြောင်းရှိသောကြောင့် ဖြစ်သည်။

အဆိုပါမှတ်တမ်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ် သြဂုတ်လ (၆) ရက်နေ့စွဲ ဖြင့် ဒေါက်တာ အေးမောင် ဥက္ကဌ အဖြစ်တာဝန်ယူသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအား အစည်းအဝေး ဖိတ်ကြားခဲ့ သည်။ ဥက္ကဌ ဒေါက်တာအေးမောင် မဖြစ်မနေ တက်ရောက်ရန် ဟူသော စကားလုံးကို သုံး၍ ဖိတ်ကြားခဲ့ ကြောင်းနှင့် ကြောင်းတွေ့ရသည်။

၁။ ဒေါက်တာအေးမောင် (ဥက္ကဌ)
၂။ ဦးအုံးတင် (ဒုဥက္ကဌ)
၃။ ဦးဘရှိန် (ဗဟိုအလုပ်အမှုဆောင်)
၎။ ဦးဖေသန်း (ဗဟိုအလုပ်အမှုဆောင်)
၅။ ဦးထွန်းအောင်ကျော် (ဗဟိုအလုပ်အမှုဆောင်)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ——————ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း တင်ပြသော ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ရခိုင်အရေးအခင်းအပေါ် ပါဝင် ပတ်သက်မှုကို အကျယ် ဆွေးနွေးခြင်း မရှိဘဲ “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ပြောကြားခဲ့ ကြောင်း မှတ်တမ်းတွင် ရေးသား ထားခဲ့သည်။

ရခိုင်အရေးအခင်းအတွင်း နှစ်ဘက်အပြန်အလှန်သတ်ဖြတ်မှုကြီးများ ပေါ်ပေါက်ခဲ့ကြောင်း မည်သူမျှ အငြင်းမပွားပါ။ ဦးသိန်းစိန်ကိုယ်တိုင်က ၀န်ခံခဲ့ပြီး သေဆုံးသူဦးရေမှာ တရာထက်တော့မပိုကြောင်းနှင့် မီးရှို့ကြသည့်အတွက် အိုးမဲ့ အိမ်မဲ့ဖြစ်ကြသူဦးရေမှာ အဆမတန်များပြားကြောင်း ဆိုသွားခဲ့သည်။

ဤသတင်းများ လှိုင်လှိုင်ကြီးထွက်ပေါ်နေသည့် အချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီအား အစည်းအဝေး ခေါ်ယူပြီး “ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု သတိပေးခံလိုက်ရခြင်းမှာ ရခိုင်တိုင်းရင်းသားများ တိုး တက်ရေးပါတီ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို များစွာ ထိခိုက်ပါ သည်။ ရခိုင်ပြည်နယ်အတွင်း ပြစ်မှုကြီးများ ကျူးလွန်ရာ၌ အဓိက ဦးဆောင်သော အဖွဲ့အစည်းမှာ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီ ဖြစ်သည် ဟု ရွေးကောက်ပွဲ ကော်မရှင်က အတိအကျ စွပ်စွဲလိုက်သည့် သဘောဆောင်သည်။ အဆိုပါ မှတ်တမ်းသည် စစ်မှန်သည်ဆိုပါက ပေါ့ပေါ့မထားသင့်ပါ။ ရခိုင်သမိုင်းတခု၏ အစိပ်အပိုင်းဖြစ်သွားပါပြီ။

မစစ် မှန်သော မှတ်တမ်းဖြစ်သည်ဆိုလျှင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့် အမြန်ဆုံးရှင်းလင်းဘို့ လိုပါ မည်။ စစ်မှန်သော မှတ်တမ်းဖြစ်သော်လည်း ”ဆက်မလုပ်ကြရန် လုပ်ရင်တော့ အရေးယူမည်” ဟု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးခြင်းမှာ ရခိုင်ပြည်နယ် အဓိကရုဏ်းအတွင်းဖြစ်ပွားခဲ့သော သတ်ဖြတ်၊ မီးရှို့မှုကြီးများနှင့် လုံးဝ ပတ်သက်ခြင်း မရှိကြောင်း၊ နိုင်ငံရေးပါတီများနှင့် စပ်လျှဉ်း၍ အခြား မည်သည့်ကိစ္စရပ်အတွက် ကော်မရှင်က ခေါ်ယူ သတိပေးခြင်းသာ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေဖြင့် လူထုတရပ်လုံးအားခြေခြေမြစ်မြစ် ရှင်းပြဘို့ လိုပါမည်။

ထို့အပြင် ပို၍ အရေးကြီးသည်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြစ်မှုကြီးများအား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က ဘဲ အဓိက ဦးဆောင်ကျူးလွန်နေသယောင်ယောင် သဘောသက်ရောက်စေသည့် မှတ်တမ်းကို ရေးသားသူ၊ အများသိအောင် ထုတ်ပြန်သူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ပါတီ က ဥပဒေကြောင်းအရ အတိအကျ ပြန်လည် တရားစွဲဆိုသွားသင့်ပါသည်။


(အပိုင်း ၄ ကို ဆက်လက် ဖတ်ရှုပါရန်)

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၇) ရက် ၂၀၁၂ ခုနှစ်

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.