စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား ကန့်ကွက်လွာတင်
ရခိုင်ပြည်နယ်ဖြစ်စဉ် စုံစမ်းရေး ကော်မရှင်ဝင် ၃ ဦးအား NDPD ပါတီက သမ္မတထံကန့်ကွက်လွာတင်
သြဂုတ်လ၊ ၂၂ ရက်၊ ၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
သတင်း - SK
ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခဖြစ်စဉ် အမှုမှန်ပေါ်ပေါက်ရေး အတွက်စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမှုတွင် ပါဝင်သည့် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးတို့ သုံးဦးသည် အဆိုပါကော်မရှင်တွင် ပါဝင်ရန် သင့်လျော်မှု မရှိကြောင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ(NDPD)က သြဂုတ်၂၁ တွင်သမ္မတထံသို့ ကန့်ကွက်လွှာ တင်သွင်းလိုက် ပြီဖြစ်ကြောင်း ပါတီမှ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက myanmarmuslim.net သို့ပြောကြားသည်။
“ဒီလူတွေဟာ ရိုဟင်ဂျာတွေကို တတိယနိုင်ငံသို့ပို့ဖို့ တရားဝင်ကြေညာ ချက်ထုတ်ထားတဲ့သူတွေ၊ ဒီကော်မရှင်ထဲမှာ အရေးအခင်း(ရခိုင်ဗုဒ္ဓဘာသာ ရိုဟင်ဂျာပဋိပက္ခ)နဲ့ တိုက်ရိုက်ပတ်သက်နေ သူတွေကိုကော်မရှင် မှာထည့်တာ တရားမျှတမှု မရှိနိုင်ပါဘူး။ ဖြစ်ရပ်မှန် မပေါ်ရင်နိုင်ငံအတွက် .......
နိုင်ငံနဲ့ပြည်သူတွေ လိုလားတဲ့ထာဝရ ငြိမ်းချမ်းရေးကို မရနိုင်ဘူးတို့ ကျွန်တော်တို့ ယူဆတဲ့အတွက် ကျွန်တော်တို့ပါတီ ကကန့်ကွက်ရတာပါ”ဟု အမျိုးသားဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ်ပါတီမှ အလုပ်အမှုဆောင် တစ်ဦးကပြောကြားသည်။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်သည် Venus News ဂျာနယ်အတွဲ၃၊အမှတ်၄၇တွင် ရခိုင်ဗုဒ္ဓဘာသာများ ထက်ပျက်စီးမှု ပိုမိုများပြားခဲ့သော ရိုဟင်ဂျာတို့၏ ပိုင်ဆိုင်မှုနှင့် အခွင့်အရေးအား လျစ်လျူရှုလျက် “ရခိုင်ရွာတွေကို မူရင်းအတိုင်းပြန် လည်တည်ဆောက်ပေးဖို့ လိုတယ်။
အစ္စရေးနိုင်ငံလိုလုပ်ရလိမ့်မယ်”ဟုဖြေကြားခဲ့ဖူးသူဖြစ်သည် ထိုသို့ဖြေကြားရာတွင် လည်းရိုဟင်ဂျာ များအား အလ်ကေဒါနှင့် အဆက်အသွယ်ရှိသူများ၊ အကြမ်းဖက်သမားများအဖြစ် စွပ်စွဲပြောဆိုခဲ့သည်။ အထောက်အထားအဖြစ် “ကြားတယ်”ဟူသော စကားရပ်ကို ကြိမ်ဖန်များစွာ ကိုးကားခဲ့သူဖြစ်သည်။
"ဒီကန့်ကွက်ခံရတဲ့ သူတွေထဲမှာ တစ်ယောက်ဟာဆိုရင် ဒီကိစ္စရပ်ဖြစ်ပေါ်လာအောင် ဖန်တီးလှုံ့ဆော်ခဲ့သူလို့ အချို့သူတွေက သံသယရှိနေတဲ့သူ၊ နောက်တစ်ယောက်ဟာ ဆိုရင်လည်း ကော်မရှင်ကတောင်ခေါ်ပြီး သတိပေးခံထား ရတဲ့သူ၊ နောက်ဆုံး တစ်ယောက် ကတော့ လူ့အခွင့်အရေး လှုပ်ရှား သူတွေရဲ့ တောင်းဆို မှုတွေ ကြောင့် ထောင်ထဲက လွတ်လာပြီး အခုကျတော့ လူ့အခွင့်အရေး ကို ဝေဖန်ချင်နေ တဲ့သူ။ ဒီလိုလူတွေဟာ တစ်ဖက်သတ်အမြင်ပဲ ရှိမယ်လို့ ကျွန်တော်ထင်တယ်"ဟု မြန်မာမွတ်စလင်မ် လူငယ်တစ်ဦး ကပြောကြားသည်။
ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် ဒေသခံ အစ္စလာမ် ဘာသာဝင်များအား ကိုယ်စားပြုသည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသားဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ ရှိပြီး ရခိုင်ဒေသ အထူးစုံစမ်းစစ်ဆေး ရေးကော်မရှင်တွင်မူ အဆိုပါ ပါတီ ၃ ခု အား ချန်လှပ်ထားကြောင်း တွေ့ရသည်။ အဓိကက အုပ်စုနှစ်ခု ရှိတယ်။ ရခိုင်အုပ်စုနဲ့ မွတ်စလင်မ်အုပ်စု။ ရခိုင်ဘက်က ပါတီအနေနဲ့လည်းပါတယ်။ လွှတ်တော်အမတ်တွေလည်းပါတယ်။ မွတ်စလင်မ် ဘက်မှာ ပါတီ ၃ ခုရှိတယ်။ ပါတီတစ်ခု မှမပါဘူး။ လွှတ်တော် အမတ်တွေ လည်းမပါဘူး။
ဒါဟာ ဖောင်ဒေးရှင်းအား နည်းချက်ပဲ။ တစ်ဖက် သတ်ဖြစ်နေ တယ်။ နောက်ဒေသခံ (ရိုဟင်ဂျာဘာသာစကား နားလည် တဲ့သူ ကော်မရှင်မှာ မပါဘူး။ ဒါဟာ အဓိက အားနည်းချက်ပဲ။ ပြီးတော့ လုပ်ပိုင်ခွင့် ဘယ်လောက်ရှိမလဲ။ လုပ်ပိုင်ခွင့်မရှိရင် အလကားပဲ။ ပြီးတော့ ဒေသခံတွေဟာ သတင်းတွေအရ ခြိမ်းခြောက်ခံထားရတယ်။
အမှန်ကိုမပြောဘဲ ဘင်္ဂါလီလို့ပြောဖို့ ခြိမ်းခြောက် ခံထားရတယ်။ ဒီတော့ သူတို့ အမှန်ပြောရဲအောင် ပြောရင်လည်း သူတို့အ တွက် ဘေးအန္တရာယ်မရှိဘဲ လုံခြုံအောင် ဘာတွေ စီစဉ်ထားသလဲ။ ပထမဆုံး ကော်မရှင်က စက်တင်ဘာ ၁၇ လို့ အင်တာနက် သတင်းတွေမှာ ပါပြီးတော့မှ အခု နိုဝင်ဘာ ၁၇ လို့ဖြစ်သွားတာဟာ ထူးဆန်းတယ်။
ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံအချိန်ကိုကျော်အောင် အချိန်ဆွဲပြီးတော့ လုပ်မှာလား။ ဒါဟာ ခဏတာကိစ္စပဲလား။ အမြဲတမ်းအတွက် ဖြေရှင်းချက်ဖြစ်အောင် ဘာတွေလုပ်ရမလဲ။ Peaceful coexistence ပေါ့။ ဒါကို တစ်ဖက်က ပါနေတဲ့လူတွေကရော လက်ခံနိုင် မှာလား။ အရင်တစ်ခေါက် (တောင်ကုတ်) ကိစ္စ လိုပဲ လျှောချမှာလားလို့ သံသယ ရှိတယ်။ လူတွေကို သွေးအေးသွားအောင် အချိန်ဆွဲလိုက်ရင် တအားနစ်နာတယ်။ ဒီပြဿနာကို မွေးထားတာ နဲ့တူမယ်။
သူတို့လို ဗိုင်းရပ်စ်ရှိတဲ့သူတွေ ပါနေရင် အမှုမှန်ပေါ်ပေါက် ပါ့မလား။ သူတို့ကို Check and Balance လုပ်မည့်သူလည်း မရှိဘူး" ဟု မြန်မာမွတ်စလင်မ် အမျိုးသား ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ သီးခြား လွတ်လပ်သော ကော်မရှင်ဖွဲ့စည်း စုံစမ်း ပေးရန် ၈၈ မျိုးဆက်ကျောင်းသား များနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ် ကင်တားနားတို့ ကလည်း တောင်းဆိုထားသည်။ ဤ ကော်မရှင်ကို နိုင်ငံတော် သမ္မတရုံးက သြဂုတ် ၁၇ ရက်နေ့တွင် အမိန့်ကြေညာစာ အမှတ် ၅၈/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment
Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.