Saturday, August 18, 2012

AZG မှ ဦးကျော်လှအောင် နှင့် RFA မှ ဆက်သွယ်မေးမြန်းချက်


Ref: RFA ဩဂုတ် ၁၆

ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စစ်တွေမြို့မှာ ဇွန်လက ဖမ်းဆီးခံထားရ တဲ့ MSF ခေါ် နယ်စီးမခြားဆရာဝန်များအဖွဲ့ အကြီးအကဲ ဦးကျော်လှအောင်ကို ဩဂုတ် ၁၆ရက် နေ့က ပြန်လွှတ်ပေး လိုက်တဲ့ အပေါ် RFA မှ သတင်းယူ မေးမြန်းတင်ပြ ထားပါတယ်။
ဦးကျော်လှအောင် ဟာ အစ္စလာမ်ဘာသာဝင် ရှေ့နေဟောင်း တစ်ဦး ဖြစ်တဲ့အပြင် နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ဦးလည်ဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်မှာ အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ ကို စတင် တည်ထောင်သူ တစ်ဦးလည်း ဖြစ်ပြီးတော့ ထောင်ဒဏ် ၁၂နှစ် ကျခံခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ၁၉၉၇ခုနှစ် မှာပြန်လည် လွတ်မြောက်လာခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ နယ်စီးမခြားဆရာဝန်များအဖွဲ့ ရဲ့ဝန်ထမ်းတစ်ဦး အနေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦးဖြစ်ပါတယ်။


မေး။ ဦးကျော်လှအောင် ဒီနေ့စစ်တွေ အကျဉ်းထောင်ကနေ လွတ်မြောက်လာတယ် ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီး ပြောပြလို့ရမလားရှင်။

ဖြေ။ ရပါတယ်။ တစ်နာရီ ခွဲလောက်မှာ ထောင်မှူးကခေါ်တယ် ပြောလို့ အန်ကယ် လိုက်သွားတယ်။ အဲဒီမှာ ဝင်းနိုင် ဆိုတာ AZG ကပဲ၊ သူရယ် အန်ကယ်ရယ် နှစ်ယောက်ကို ခေါ်ပြီးတော့ တရားရုံးခေါ်သွားတယ်။ အန်ကယ် အမှုကို ၂၁ရက် နေ့ချိန်းထားတယ်၊ ဝင်းနိုင် အမှုကို ၂၄ရက် နေ့ချိန်းထားတယ်၊ အမှုကသက်သေ ရှိနေတုန်းပဲ၊ ဝင်းနိုင်က ခရိုင်ရုံးမှာ၊ အန်ကယ်က မြို့နယ် တရားရုံးမှာ၊ အဲဒါ အမှု ရုတ်သိမ်းတယ် ဆိုပြီးတော့ အမိန့်ချတယ်။ Release Warrant ပေးလိုက်တယ်ပေါ့။

မေး။ အန်ကယ်တို့ နှစ်ယောက်စလုံးကို ဘာပုဒ်မ နဲ့တရားစွဲ ထားတာလဲ ရှင့်။

ဖြေ။ အန်ကယ်ကိုတော့ ရာဇသက်ကြီး ပုဒ်မ ၅၀၅(ခ) ဆူပူမှု ဖြစ်အောင် လှုံ့ဆော်တာ၊ ဝင်းနိုင်ကိုတော့ ၅(ည) နဲ့ စွဲတယ်။ တောင်ကုတ်မှာ ဓားနဲ့ ခုတ်ခံရတဲ့ ပုဂ္ဂိုလ် ၁၀ယောက် ရဲ့ ဓတ်ပုံကိုပြပြီး သူကလှုံ့ဆော် ခိုင်းတယ် ဆိုပြီးတော့စွဲတယ်။

မေး။ အန်ကယ်ကို စစ်ဆေးတဲ့ အချိန်မှာရော ဘယ်လိုအနေ အထား ရှိလဲရှင့်။

ဖြေ။ အန်ကယ်ကိုတော့ ၁၁ရက်နေ့ ဖမ်းပြီးတော့ရဲစခန်း ခေါ်သွားတယ်။ ရဲစခန်းကနေပြီးတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ပြီး ၁၂ရက် နေ့မှာ ရုံးတင်လိုက်တယ်။ ဘာမှမဖြစ်ပါဘူး။ ထောင်မှာလည်း အေးအေးဆေးဆေး ထားပါတယ်။

မေး။ အန်ကယ်ကို ဒီ ဖမ်းဆီးရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး အန်ကယ်အနေနဲ့သိရ သလား၊ သူတို့ဘာကြောင့်ဖမ်းဆီးတယ် ဆိုတာကို အာဏာပိုင် တွေဘက်က ပြောပါသလားရှင့်။

ဖြေ။ သူတို့မဖမ်းခင် တစ်နာရီခွဲ လောက်အရင်က အန်ကယ် အိမ်ကို ဖျက်ဆီးပစ်လိုက်တယ်။ အကြမ်းဖက်သမား တွေဝင်ပြီးတော့ဖျက်ဆီး လိုက်တယ်။ အန်ကယ် ရဲ့ ဖိုင်တွေ၊ စာအုပ်တွေ အားလုံးကို အပြင်မှာ ကျဲ လိုက်တယ်။ အဲဒီမှာ အန်ကယ်တို့က မိသားစုရော၊ ရွာသားတွေ အားလုံး အန်ကယ်အိမ်နားက ဗလီခြံထဲမှာ သွားနေတော့ အဲဒီမှာ အန်ကယ်ကိုခေါ်သွားတယ်။ အယ်ကိုင်ဒါ စာတစ်စောင် ရတယ်ဆိုပြီးတော့ ခေါ်သွားတာ။ ဒါပေမယ့် ဒီအပြင် ရတဲ့ စာတွေ ကတော့ အန်ကယ်မှာအားလုံး တရားဝင်စာ တွေချည်းပဲ။

မေး။ အန်ကယ်တို့ကို အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိတယ် ဆိုပြီးတော့ စွပ်စွဲပြောဆို တဲ့အပေါ်မှာရော၊ အန်ကယ်ဘယ်လို မြင်ပါသလဲ ရှင့်။

ဖြေ။ ဘာမှမဟုတ်ပါဘူး။ အန်ကယ်က အသက် ၇၂နှစ် ရှိပြီ၊ ဒီမှာလူမျိုး နှစ်မျိုး ဘယ်လို အေးအေးချမ်းချမ်း နေရမလဲဆိုတာ အန်ကယ်က ဒါပဲစဉ်းစားတယ်။ NGO မှာ အလုပ် လုပ်တယ်ဆိုတော့ ဒီနိုင်ငံရေး ကိစ္စမှာ ဘာမှ စိတ်မဝင်စားဘူး။ NGO MSF Holland မှာ Administrator အနေနဲ့ အလုပ် လုပ်နေတာ။ နောက် အန်ကယ်က နေမကောင်းဘူး။ လေးဘက်နာ၊ သွေးတိုး၊ နှလုံး ရှိတယ်။ ဒါတွေကို ဘာမှ စိတ်မဝင်စား နိုင်ဘူး။ ဒီနှစ်မှာ အသက် ၇၃နှစ် ပြည့်ပြီ။

မေး။ အန်ကယ်ကို အခုလို ချက်ခြင်း လွှတ်ပေး လိုက်ရတဲ့ အကြောင်းကိုရော သိရသလားရှင့်။

ဖြေ။ UN ကလည်း တောင်းဆိုတယ်၊ NGO နဲ့ UN က ဖမ်းတဲ့လူ တွေကိုလွှတ်ပေးဖို့ ကန်တားနား ကလည်း တောင်းဆိုတယ် လို့ကြားတယ်။ နောက်ဒီလို မလွှတ်ခင် ဗုဒ္ဓဟူးနေ့က အန်ကယ်တို့ ကိုယ်ရေးကိုယ်တာ မှတ်တမ်းတွေကို ထောင်ပိုင် တွေက ယူတယ်။ အဲဒါတွေကို ရန်ကုန် အကျဉ်းဦးစီး ဌာနကို ပို့လိုက်တယ် လို့ကြားတယ်။ အခုပြောတော့ သမ္မတက လွှတ်ခိုင်းတယ် လို့ပြောတော့ သမ္မတကို အန်ကယ် အရမ်း ကျေးဇူးတင်တာ ပါပဲ။ ဒါပေမယ့် မိသားစုတွေက ဘယ်မှာနေတယ်၊ ဘယ်သူကရှိတယ်၊ ဘယ်သူက ဆုံးသွားပြီလည်း ဆိုတာ မသိရဘူး၊ အခုတော့ အားလုံးကိုပြန်တွေ့ရတော့ တအား ဝမ်းသာတယ်။

မေး။ ဒီရခိုင်ပြည်က ပရိပက္ခတွေ ဖြစ်လာတဲ့အပေါ်မှာ အန်ကယ် သဘောထား၊ အမြင် ဘယ်လို ရှိပါသလဲရှင့်။

ဖြေ။ အဲဒါကတော့ အကြမ်းဖက်တဲ့ သူတို့ကို လှုံ့ဆော်တဲ့သူ ရှိလို့ ဒီလိုလုပ်တာပါ။ အဲဒါကို အစိုးရက အချိန်မှီ ကောင်းကောင်း ထိန်းနိုင်မယ်ဆိုရင်၊ အန်ကယ်တို့က အစိုးရကို ဒီလို ထိန်းပေးမယ် ဆိုပြီးတော့ အားကိုးပြီး ဒီလိုပဲ နေခဲ့တာ၊ ဒါပေမယ့် သူတို့က မထိန်း နိုင်တော့ နောက်ဆုံး ဒီလိုပဲ ဖြစ်သွားရတာပေါ့။

မေး။ အခုလက်ရှိ ဒီသမ္မတ ကိုယ်တိုင် ကိုက ဒီရခိုင်ပြည်နယ် ကိစ္စကို ဝိုင်းဝန်း ဖြေရှင်းဖို့ ဆောင်ရွက်လာတဲ့ အပေါ်မှာကိုရော ဘယ်လိုမြင် သလဲရှင့်။

ဖြေ။ အဲဒါကောင်းတာပေါ့၊ ဒီလိုလုပ်ကို လုပ်ရမယ်၊ မလုပ်ရင် ဒီရခိုင်ပြည်နယ်မှာ ဒီလူမျိုး နှစ်မျိုးက ဘယ်လိုအတူ ယှဉ်တွဲနေထိုင်နိုင်မှာလည်း၊ ဒါက နိုင်ငံတော်အစိုးရမှာ လုပ်ကိုလုပ်ရမယ်၊ သမ္မတကြီးက မှန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းသာယာရေး ဆိုတာကို ဖန်တီးပေး တာကို အန်ကယ် တို့က အရမ်းကြီးကျေနပ်တယ်၊ အရမ်းဝမ်းသာတယ်။
AZG မှ ဦးကျော်လှအောင် နှင့် RFA မှ ဆက်သွယ်မေးမြန်းချက်

No comments:

Post a Comment

Please kindly write your Full Name, Postal Address and contact number/email address so that we can contact you.